Heel Pain
ကျွန်တော့် ဘယ်ဘက်ခြေထောက် နာနေတာ နှစ်နဲ့ချီကြာနေခဲ့ပါပြီ၊ ခြေထောက် ဆိုတာထက် ခြေဖနောင့်ပိုင်းကဆိုရင် ပိုတိကျပါလိမ့်မယ်။ ခုတစ်လောမှာတော့ ပိုပို ဆိုးလာပါတယ်..
ဒဏ်ကြေလိမ်းဆေး မှန်သမျှ အင်္ဂလိပ်လူးဆေး၊ မြန်မာလူးဆေးတွေ စုံအောင်လူးပေမယ့် ခဏပဲ သက်သာတယ်။ တော်ကြာ လမ်းပြန်လျှောက်တာနဲ့ မိနစ် နှစ်ဆယ်လောက်ဆိုရင် နာလာပါရော။ နားရက်လေးများ အပြင်ထွက်မိရင် စိတ်အပန်းပြေတာနဲ့ မကာမိအောင် ဒုက္ခပေးပါတယ်၊ ဒါကြောင့်မို့ အပြင်လဲ သိပ်မသွားဖြစ်တော့ဘူး။
နီးစပ်တဲ့သူတွေက ပြောတော့ အဲဒါ ဖနောင့်ကြေတာတဲ့၊ sole ထူထူပါတဲ့ ဖိနပ်မျိုး ဝယ်စီးဖို့ အကြံပေးကြတယ်၊ ဒါဆိုရင် သက်သာသွားမယ်တဲ့။ ဖြစ်နိုင်ပါတယ် ကျွန်တော် များသောအားဖြင့် စီးနေတာက ‘converse’ ‘everlast’ တို့က ထုတ်တဲ့ အဝတ်ဖိနပ်တွေ ဆိုတော့ sole က တော်တော်ပါးတာပေါ့။
အဓိက ကတော့ ကျွန်တော့် ဘော်ဒီဝိတ် နည်းနည်းချင်း တက်လာတာပါ၊ အလုပ်ကလဲ အထိုင်အလုပ် ဖြစ်ပြန် အိမ်ပြန်ရောက်တဲ့ အခါမှာလည်း TV ၊ Computer ရှေ့က မထသူမို့ အလုပ်အသွား အပြန်လောက်ကလွဲရင် လမ်းမလျှောက်ဖြစ် သလောက်ပဲ။
အခုလို ဝိတ်ချဖို့ လိုပြီဆိုတာ သိလိုက်တဲ့ အချိန်မှာတော့ ပြေးဖို့၊ Joggle လုပ်ဖို့ မပြောနဲ့ လမ်းတောင် အဝေးကြီး မလျှောက်နိုင်တော့ပါဘူး။ ဒါကြောင့်မို့ ညစာကို လျှော့စားပြီး sole ထူထူနဲ့ ဖိနပ်မျိုးကိုပဲ လိုက်ရှာရပါတယ်။ ဒီကြားထဲမှာ သက်သာလို သက်သာငြား ခြေဖနောင့်မှာ ခုတဲ့ စီလီကွန် တစ်စုံ SG$36 နဲ့ ဝယ်သုံးကြည့်ပါသေးတယ်။ ဒါပေမယ့် သိပ်အဆင်မပြေပါဘူး..
Walking Shoes ကိုတော့ ငယ်ငယ်ထဲက သဘောမကျတာမို့ မစဉ်းစားတော့ပဲ ခရီးသွားတဲ့ သူတွေအတွက် ရည်ရွယ်ပြီး ထုတ်ထားတဲ့ ‘Skechers’ တစ်ရံကို ဒီဇိုင်း သိပ်မကြိုက်ပဲနဲ့ ကျိတ်မှိတ် ဝယ်လိုက်ပါတယ်။ စီးကားစမှာ ဟုတ်သလိုလိုရှိပေမယ့် အရင်ထက်စာရင် လမ်းကို နည်းနည်းကြာကြာ လျှောက်နိုင်တာက လွဲလို့ မထူးခြားမလာပါဘူး၊ ခြေဖနောင့်ကတော့ နာမြဲ နာလျှက်ပါပဲ..
တစ်နေ့တော့ အဲဒီလိုခြေဖနောင့်နာ (Heel Pain) ရတဲ့အကြောင်းကို Internet မှာ ရှာဖတ်လိုက်မိပါတယ်၊ အခြားဖြေရှင်းနည်း (သို့) Treatment တစ်ခုခုများ သိရလေမလားလို့… အဲဒီလို ရှာဖတ်မိလိုက်တာ တစ်ကယ့်ကို အကျိုးရှိသွားပါတယ်၊ အဖြေတွေ့သွားပါတယ်။
“လူတစ်ယောက်ရဲ့ ခြေဖျားပိုင်းမှာ အရိုး (၂၆)ချောင်းရှိပြီး၊ ခြေဖနောင့်ရိုးက အကြီးဆုံးလို့ ဆိုပါတယ်။ ခန္ဓာကိုယ် တစ်ခုလုံးရဲ့ အလေးချိန်ကို ထောက်ခံထားနိုင်ဖို့ သဘာဝတရားက ခြေဖနောင့် အတွက် စီစဉ်ပေးထားတာ ဖြစ်ပါတယ်။ ခြေဖနောင့်ဟာ ကျွန်တော်တို့ ပြေးတဲ့အခါ၊ လမ်းလျှောက်တဲ့အခါမျိုး ခြေဖျား မြေကြီးပေါ်ကျတဲ့ ဒဏ်ခံနိုင်အောင်အပြင် နောက်ခြေတစ်လှမ်းအတွက် စပရင်ကဲ့သို့ ပြန်တွန်းကန်ပေးပါတယ်။ ပညာရှင်များရဲ့ အဆိုအရ လမ်းလျှောက်တဲ့ အခါ မိမိခန္ဓာကိုယ် အလေးချိန် ၁.၂၅ဆ နဲ့ ပြေးတဲ့အခါမှာ ၂.၇၅ဆ ရဲ့ ဝန်ကို ခြေဖျားက ထမ်းရတယ်လို့ ဆိုပါတယ်။ အကျိုးဆက်အနေနဲ့ ကြာလာတဲ့အခါမှာ ခြေဖနောင့်ရဲ့ ခုခံနိုင်စွမ်းအား ကျဆင်းလားပြီး နောက်ဆုံးမှာ နာကျင်မှု ဝေဒနာကို ခံစားရတယ်”
လို့ ဖတ်လိုက်ရပါတယ်။
ခြေဖနောင့်နာ ဖြစ်ရတဲ့ အကြောင်းအရင်းတွေ ပါသလို၊ မဖြစ်အောင် ကာကွယ်နည်း၊ ဖြစ်လာတဲ့အခါ သက်သာအောင် ပြုလုပ်နည်း တွေကိုပါ အထိုက်လျှောက် စုံလင်စွာ ဖတ်ရှုနိုင်ပါတယ်.. ဆေးဘက်ဆိုင်ရာ အသုံးအနှုန်းတွေ ပါဝင်တာကြောင့် ဘာသာပြန်ခြင်းငှာ ကျွန်တော်မစွမ်နိုင်းတဲ့ အတွက် စိတ်ဝင်စားသူများ အောက်ပါ လင့်ခ်တွင် မူရင်းအတိုင်း ဖတ်ရှုပါလို့ မေတ္တာရပ်ပါတယ်…
₪ မူရင်းအတိုင်း အသေးစိတ် ဖတ်ရှုပါရန်..
ဆက်ပါဦးမည်… စာဖတ်ပြီးသွားတဲ့အခါ ဖနောင့်နာရသော အကြောင်းရင်းများထဲမှ ကျွန်တော်ရဲ့ ပြဿနာဟာ ဘာကြောင့်လဲ ဆိုတာ ကောင်းကောင်း သဘောပေါက်သွားပါတယ်၊ ကျွန်တော့် ခြေဖဝါးရဲ့ ပုံစံနဲ့ အဆင်ပြေမယ့် Insole တစ်စုံ မဖြစ်မနေလိုနေပါပြီ…
Funan Digital Mall ဒုတိယထပ်မှာ ရှိတဲ့ ခြေဖဝါး ပလာစတာမိုလ် လုပ်တဲ့ဆိုင်ကို ရောက်ပါတယ်။ မိမိခြေထောက်ရဲ့ အခွင်းအခွက် ပုံစံအတိုင်း ပလာစတာမိုလ် လောင်းပြီးမှ ရလာတဲ့ Sole ကို စီးမယ့် ဖိနပ်အတွင်းမှာ ခံစီးရမှာဖြစ်ပါတယ်။ မိုလ်ပြီးအောင် စောင့်ရမယ့် အချိန်က တစ်ပါတ်လောက် ကြာမှာဖြစ်ပြီး ဈေးနှုန်းက ခြေဖဝါးတစ်စုံ အတွက် SG$360 ကျမှာ ဖြစ်ပါတယ်။ တော်တော် ဈေးများပါတယ် ကျွန်တော် အဲဒီလောက်ကြီးတော့ မတတ်နိုင်ပါဘူး၊ ခြေထောက်ကို ဆေးခန်းပြ ဓါတ်မှန်ရိုက်ကြည့်ရ ကောင်းမလား စဉ်းစားပါတယ်၊ တစ်ခုခုဆိုရင်လဲ ကုမ္ပဏီက 70% ပြန်ရှင်းပေးတော့ သိပ်ပြဿနာ မရှိပါဘူး။
ဒါပေမယ့် အဖြေကသိပြီးသား ဆိုတော့ မထူးဖူးဆိုပြီး Internet, YouTube ကနေထပ်ပြီး Sole တွေ အကြောင်းလိုက်ရှာပါတယ်၊ တွေ့ပါပြီ…
‘Sole Supports’ နဲ့ ‘Superfeet’ နှစ်မျိုးကို YouTube ကနေ ရှာတွေခဲ့ပါတယ်။ Superfeet ကို ပိုပြီး စိတ်ဝင်စားတာကြောင့် မူရင်းဆိုက်မှာ ဝင်ကြည့်တော့ USA နဲ့ UK အတွက်ပဲ support လုပ်ထားတာ တွေ့ရပါတယ်။
ဒါကြောင့်မို့ ဘယ်နေရာမှာ ဝယ်လို့ ရမလည်းဆိုတာ ထပ်ရှာကြည့်တော့ OnlineStore တစ်ခုမှာ ဝယ်လို့ရတာ သွားတွေ့ပါတယ်။
ဒါပေမယ့် size တွေခွဲထားတာကြောင့် တစ်စုံတစ်ရာမှားခဲ့ရင် ပြန်လဲဖို့ အခက်အခဲရှိတဲ့ အတွက် စင်ကာပူမှာ ရနိုင်မယ့် နေရာကိုသာ ဇောင်းပေးပြီး အသေးစိပ် ထပ်ရှာဖြစ်ခဲ့ပါတယ်။ စင်ကာပူ ကျွန်းတစ်ခုလုံးမှာ Superfeet ကို ရနိုင်တဲ့ တစ်ဆိုင်တည်းသော ဆိုင်ကို ကံကောင်းစွာနဲ့ ရှာတွေ့ခဲ့ပါတယ်။
စကားချပ်။ ။
အပြင်မှာတော့ အခြားမည်သည့် ဆိုင်များတွင် ရောင်းသေးသည် မသိပါ၊ Online မှာတော့ ထိုတစ်ဆိုင်ကိုသာ စစ်စစ်ပေါက်ပေါက် ရှာတွေ့ခဲ့ပါတယ်…
Superfeet မှာ အမျိုးအစား ငါးမျိုးမက ရှိပြီး shoes အမျိုးအစားတွေ အတွက် အရောင်တွေနဲ့ ခွဲခြားထားပါတယ် (Green, Blue, Black, Pink, Red…)။ တစ်ခုချင်းစီးရဲ့ သက်ရောက်မှုကလည်း အနည်းငယ် ကွဲပြားပါတယ်။
လက်ရှိစီးနေတဲ့ မိမိဖိနပ်အတွက် Superfeet Insole ကို ဝယ်မည်ဆိုပါက အဆိုပါ ဖိနပ်အတွင်းမှ sole အရောင်ကို ထုတ်ကြည့်ပြီး Superfeet ရဲ့ အရောင်ကို အလွယ်တစ်ကူ ရွေးချယ် နိုင်ဖို့ ခွဲခြားထားတာ ဖြစ်ပါတယ်၊ ဝယ်မယ်ဆိုရင်တော့ ကိုယ်တိုင် စီးကြည့်ပြီးမှ သင့်လျှော်ရာကို ရွေးချယ်ပါ။
Insole size တွေကို အောက်ပါအတိုင်း (C,D,E,F) ခွဲထားပါတယ်..
Insole size: C Men’s Shoe size: 5.5 – 7 Women’s Shoe size: 6.5 – 8
Insole size: D Men’s Shoe size: 7.5 – 9 Women’s Shoe size: 8.5 – 10
Insole size: E Men’s Shoe size: 9.5 – 11 Women’s Shoe size: 10.5 – 12
Insole size: F Men’s Shoe size: 11.5 – 13 Women’s Shoe size: 12.5+
Green နဲ့ Black မှာ Carbon, Copper ဆိုပြီး ခံနိုင်ရည် ပိုကောင်းတဲ့ အထူးအမျိုးအစား ထပ်ခွဲထားပါတယ်၊ ဈေးနှုန်းကလည်း ပုံမှန်နဲ့ SG$30 လောက် ကွာဟပါတယ်။ အားလုံးထဲမှာ popular အဖြစ်ဆုံးကတော့ Green ပါ၊ သူက လူတော်တော်များများနဲ့ အဆင်ပြေပါတယ် ကျွန်တော်ကိုယ်တိုင်လည်း အားလုံးကို စီးကြည့်ပြီးတဲ့နောက်မှာ Green (Carbon) ကို ရွေးချယ် ဝယ်ယူခဲ့ပါတယ်။ Carbon ကတော့ ဘော်ဒီဝိတ်ကို ပိုပြီးခံနိုင်တဲ့ အတွက် ရွေးချယ်ခဲ့ရတာပါ၊ အဲဒီအတွက် SG$85 လျှောကနဲ ထွက်သွားပါတယ်..
Superfeet က ပုံမှန်လမ်းလျှောက်သူများ အတွက်သာမက နေ့စဉ် ပုံမှန်ထက် ပို၍လမ်းလျှောက် ကြရသော လုပ်ငန်းခွင်မှ ဝန်ထမ်းများ၊ အားကစားသမားများ သာမက ခရီးကြမ်းထွက်တက်သော ခရီးသွားများ အတွက်ပါ အထူးသင့်လျှော်တဲ့ Insole တစ်ခု ဖြစ်ပါတယ်။
Superfeet insole တစ်စုံကို ဖိနပ်ထဲ ထည့်စီးပြီး ဆိုင်က ထွက်လာတော့ အစပိုင်းမှာ ခိုးလို့ခုလု ဖြစ်နေပေမယ့် ဆယ့်ငါးမိနစ်လောက်အကြာ ဖိနပ်နဲ့ sole တစ်သားထဲ ကျသွားတဲ့ အခါမှာတော့ သတိတောင် မထားမိတော့ပါဘူး၊ သေချာတာကတော့ ဆိုင်က စထွက်လာထဲက နာကျင်မှုကို လုံးဝ (လုံးဝ) မခံစားရတော့တာပါပဲ။
အဲဒီနေ့က ကျွန်တော် အများကြီး လမ်းလျှောက်ဖြစ်သွားပါတယ်…
စင်ကာပူတွင် ဝယ်ယူနိုင်သော လိပ်စာ
CAMPER’S CORNER 51 Waterloo Street, #01-01 Singapore 187969 PH: (65) 6337 4743 Web Site: Camper’s Corner
(ဝေဒနာ ခံစားနေရသူများအတွက် စေတနာသက်သက်ဖြင့် ဤဆောင်းပါးကို ရေးသားပါသည်၊ မည်သည့်ပစ္စည်းကိုမှ ကြေငြာပေးခြင်း မဟုတ်ပါ)
မှတ်ချက်။ ။ လွန်ခဲ့သော တစ်နှစ်ခွဲခန့်က ရေးသားခဲ့သော ဆောင်းပါးလေးဖြစ်ပြီး ပြန်လည်ဖော်ပြခြင်း ဖြစ်ပါတယ်…
အခမဲ့ ဆိုတဲ့ အရာတိုင်းမှာ ခန့်မှန်းလို့မရနိုင်တဲ့ တန်ဘိုး တစ်ခု အမြဲရှိပါတယ်