How To Prepare To Get a Great Job

March 24 2019

        မြန်မာနိုင်ငံမှာ အလုပ်အကိုင် အခွင့်အလမ်းတွေဟာ ဟိုအရင်အချိန်တွေကလို မဟုတ်တော့ပဲ တစ်နှစ်ထက်တစ်နှစ် ပွင့်လန်းလာနေပါတယ်။ ပြောရရင် အလုပ်ရှာရတာ ပိုပြီးလွယ်လာပါတယ်။ ဒီလိုအခြေအနေမျိုးမှာ သင်အခုထိ အလုပ်တစ်ခု မရနိုင်သေးဘူးဆိုရင်တော့ အောက်ဖော်ပြပါ အချက်တွေထဲက တစ်ချက်ချက် သင့်ဆီမှာ လိုအပ်နေသေးလို့ ဖြစ်ပါတယ်။

ဟိုအရင်ခေတ်တုန်းက အလုပ်တစ်ခုရဖို့ဆိုရင် အဆက်အသွယ်ကောင်းရှိဖို့ဆိုတဲ့ အချက်ကို ပိုပြီး အားကိုးရပါတယ်။ ဒါမှမဟုတ် ဂျာနယ်တွေ သတင်းစာတွေမှာ အလုပ်ကြော်ငြာတွေကို ရှာရတဲ့အတွက် အဆက်သွယ်ကောင်းမရှိရင် အလုပ်ရဖို့ ခဲယဉ်းလှပါတယ်။

အခု ဒစ်ဂျစ်တယ်ခေတ်ကြီးမှာတော့ အလုပ်အကိုင် အေဂျင်စီတွေ၊ ဖေ့စ်ဘွခ်တွေ ပေါ်လာပြီဖြစ်လို့ အလုပ်တွေကို ကိုယ့်စိတ်ကြိုက် ရွေးချယ်နိုင်တဲ့ အခွင့်အရေးတွေ ရှိနေပြီး အလုပ်ရှာရတာ ပိုလွယ်လာပါတယ်။ အလုပ်ရှာရတာ ပိုလွယ်လာသလို အလုပ်ပြိုင်လျှောက်ကြတဲ့သူတွေကလည်း ပိုများလာတာကြောင့် အလုပ်တစ်ခုကို သေချာပေါက်ရဖို့ဆိုရင်တော့ အောက်ဖော်ပြပါ အခြေခံအချက်တွေကို လိုက်နာလုပ်ဆောင် ပြင်ဆင်ထားဖို့ လိုပါတယ်။

လိုက်နာရမယ့်အချက်တွေ မပြောခင် ဒစ်ဂျစ်တယ်လ်ခေတ်ကြီးမှာ အလုပ်ရှာတော့မယ့် လူတစ်ယောက်အတွက် ကိုယ်ပိုင်အီးမေးလိပ်စာ (email) နဲ့ ဖေ့စ်ဘွခ်အကောင့် (Facebook Account) တို့ကတော့ မဖြစ်မနေ ရှိထားရမှာဖြစ်ပါတယ်။

၁။ ဘယ်ရာထူးကို လျှောက်မယ်ဆိုတာ အရင်ဆုံးဖြတ်ပါ

        တစ်ခါတစ်လေမှာ အလုပ်သာ ရချင်နေတာ၊ ဘယ်ရာထူးကို လျှောက်လို့ လျှောက်ရမှန်းမသိ ဝေခွဲမရဖြစ်တတ်ပါတယ်။ အရင်က အတွေ့အကြုံရှိပြီးသား အလုပ် position ကိုပဲ နောက်ထပ် ကုမ္ပဏီတွေကို ပြောင်းလျှောက်တာက ပြဿနာမရှိပေမယ့်။ လုပ်ငန်းနယ်ပယ်ပါ ပြောင်းချင်တဲ့အခါမျိုးမှာတော့ စဉ်းစားစရာတွေ ရှိလာပါပြီ။ ဒီအခါမျိုးမှာ အရင်ဦးဆုံးလုပ်ရမှာက ကိုယ်တစ်ကယ်စိတ်ဝင်စားတဲ့အလုပ်က ဘာလဲ..၊ ကိုယ်ကရော ဘာတွေ ကျွမ်းကျင်သလဲဆိုတာကို စာရွက်လွတ်တစ်ရွက်ပေါ်မှာ ရေးချပါ။ ပြီးမှ ကိုယ့်နဲ့ အသင့်တော်ဆုံး ရာထူးတစ်ခု (သို့မဟုတ်) တစ်ခုထက် ပိုတာကို ရွေးချယ်လိုက်ပါ။

၂။ ကိုယ်ရေးအချက်လက် CV/Resume ပြင်ဆင်ပါ

        လျှောက်မယ့် ရာထူးအလုပ်အကိုင် ရွေးချယ်ပြီးပြီဆိုရင် နောက်ထပ် အရေးအကြီးဆုံး အချက်က ကိုယ်ရေးအချက်လက်(CV) ပြင်ဆင်ဖို့ဖြစ်ပါတယ်။ အလုပ်တစ်ခုကို တိုက်ရိုက်ဖြစ်စေ၊ အေးဂျင့်နဲ့ဖြစ်စေ စတင်လျှောက်တဲ့အခါ ပထမဦးဆုံး ကိုယ့်ဆီကနေတောင်းတာ CV ဖြစ်ပါတယ်။ လူချင်းမတွေ့ဆုံရသေးခင် CV ကို အလုပ်ခန့်မယ့်သူတွေက အရင်ဆုံးကြည့်ကြတာမို့ CV ဆိုတာ ကိုယ့်ရဲ့ ကိုယ်စားလှယ် (သို့) ကိုယ့်ရဲ့ပုံရိပ် ဖြစ်တယ်ဆိုတာကို မမေ့ပါနဲ့။

အလုပ်ခန့်မယ့်သူဆီမှာ လက်ခံရရှိထားတဲ့ လျှောက်စွာ CV တွေများစွာရှိပါတယ်။ ဒီအထဲကမှ ကိုယ့်ရဲ့ CV ဟာ ပုံစံမကျမန၊ ဖြစ်သလို စာစီစာရိုက်လုပ်ထားပြီး စွဲဆောင်မှုမရှိတဲ့ ပုံစံဖြစ်နေရင်တော့ ပထမဦးဆုံး လူတွေ့အင်တာဗျူးအဆင့်တောင် မရောက်ပဲ CV ကို အမှိုက်တောင်းထဲ ပစ်ချခံလိုက်ရနိုင်ပါတယ်။

ဒါကြောင့်မို့ CV ကို အသင့်အတင့် စွဲဆောင်မှုရှိအောင် ပြင်ဆင်ထားပါ။ ကိုယ်လျှောက်မယ့် ရာထူးနေရာနဲ့ ကိုက်ညီတဲ့ အချက်အလက်၊ အတွေ့အကြုံ၊ အောင်လက်မှတ် စတာတွေကို အလေးပေးပြီး ဖော်ပြထားပါ။

၃။ ဆိုရှယ်မီဒီယာ သန့်ရှင်းရေးလုပ်ပါ

        အခုခေတ်အလုပ်ရှင်တွေက သူတို့ရဲ့ ဝန်ထမ်းဖြစ်လာမယ့်သူရဲ့ စိတ်နေသဘောထားတွေကို အလုပ်မခန့်သေးခင်မှာ လူမှုကွန်ယက်အကောင့်ကနေ လေ့လာကြည့်တတ်ကြပါတယ်။

ဒါကြောင့်မို့ ကိုယ့်ရဲ့ ဆိုရှယ်မီဒီယာအကောင့်တွေဖြစ်တဲ့ facebook, Instagram, Twitter စတဲ့ လူမှုကွန်ယက်တွေပေါ်မှာ အလုပ်ခန့်မယ်သူက ဝင်လေ့လာကြည့်လိုက်တဲ့အခါ အထင်အမြင် သေးစေနိုင်တာမျိုး၊ အဆိုးမြင်သမားအဖြစ် သတ်မှတ်သွားစေနိုင်မယ့် ပိုစ့်တွေရှိခဲ့ရင် Friend Only / Only Me အဖြစ် ပြောင်းလဲပေးထားပါ။

၄။ အလုပ်ရှာပါ

        အထက်ပါ အချက်တွေကို ပြင်ဆင်ထားပြီး ဆိုရင်တော့ အလုပ်ရှာဖို့ အသင့်ဖြစ်နေပါပြီ။ အလုပ်ရှာတဲ့အခါ အွန်လိုင်းအေဂျင်စီတွေရဲ့ ဝဘ်ဆိုက်တွေကနေ ရှာလို့ရသလို ဖေ့စ်ဘွခ်ပေါ်ကနေလည်း အလွယ်တစ်ကူရှာဖွေနိုင်ပါတယ်။ ဝန်ဆောင်ခယူပြီး CV ဖောင်ပေးထားရတဲ့ အပြင်အေဂျင်စီတွေလည်းရှိပါတယ်။

၅။ ကိုယ်အလုပ်လျှောက်မယ့် ကုမ္ပဏီအကြောင်း လေ့လာပါ

        အွန်လိုင်းအေဂျင်စီကနေဖြစ်စေ ဖေ့စ်ဘွခ်ပေါ်ကနေဖြစ်စေ၊ ကိုယ်လျှောက်ချင်တဲ့ အလုပ်တစ်ခုကို တွေ့ထားပြီဆိုတာနဲ့ အဲဒီကုမ္ပဏီအကြောင်းကို အနည်းငယ်သိထားအောင် သူတို့ရဲ့ ဝဘ်ဆိုက်တွေ၊ ဖေ့စ်ဘွခ်တွေမှာ လိုက်ဖတ်ပြီး လေ့လာထားပါ။

ဒီအချက်က အင်တာဗျူးသွားတဲ့အခါ အသုံးတည့်မှာ ဖြစ်သလို ဒီကုမ္ပဏီရဲ့ လုပ်ငန်းခွင် တည်နေရာအနေအထားက ကိုယ့်နဲ့ အဆင်ပြေ/မပြေ ဆိုတာကိုပါ အလုပ်မလျှောက်မီကတည်းက စဉ်းစားချင့်ချိန်နိုင်မှာဖြစ်ပါတယ်။

၆။ အလုပ်လျှောက်လွှာတင်ပြီ

        စိတ်ကြိုက်အလုပ်တစ်ခုကိုတွေ့လို့ မိမိရဲ့ CV ဖောင်ကို အေးဂျင့်ကိုဖြစ်စေ ကုမ္ပဏီတိုက်ရိုက်ကို ဖြစ်စေ အီးမေးလ်နဲ့ ပေးပို့တဲ့အခါ CV ချည်းသက်သက် (attach) လုပ်ပြီး ပေးပို့တာမျိုး လုံးဝ မလုပ်မိပါစေနဲ့။ ဒီအပြုအမူက အလွန်ရိုင်းပျပြီး ပရော်ဖက်ရှင်နယ်မဆန်တဲ့အတွက် အင်တာဗျူးတောင် အခေါ်မခံရပဲ အပယ်ခံရတတ်လို့ (လုံးဝ လုံးဝ) ရှောင်ကျဉ်ပါ။

ဒီလိုပုံစံနဲ့ ရောက်လာတဲ့ CV မျိုးတွေကို အလုပ်ခန့်မည့်သူတွေက ဖတ်တောင်ကြည့်မနေတော့ပဲ တန်းပြီး Delete လုပ်ပစ်နိုင်ပါတယ်။ CV ကို အီးမေးလ်ကနေ ပေးပို့တဲ့အခါ Cover Letter လို့ ခေါ်တဲ့ အကျိုးသင့်အကြောင်းသင့် မိတ်ဆက်ပြီး ရေးသားထားတဲ့ စာတစ်ပိုဒ်လောက် အီးမေးလ်မှာ ရေးပြီးမှ CV ကို Attach တွဲပြီး ပေးပို့ပါ။

၇။ အလုပ်လျှောက်ထားတဲ့ ကုမ္ပဏီတွေကို မှတ်သားထားပါ

        အလုပ်တွေလျှောက်တဲ့အခါ အလုပ်ရာထူးက တစ်ခုထက်မက ဖြစ်နေနိုင်သလို၊ ကုမ္ပဏီတွေလည်း တစ်ခုထက်မက ရှိနေနိုင်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ ဘယ်ကုမ္ပဏီကို ဘာရာထူးနဲ့ လျှောက်ထားတယ်ဆိုတာကို စာရင်းလုပ်ပြီး မှတ်သားထားပါ။

မမှတ်သားပဲထားခဲ့မိရင် နောက်ထပ် ရက်အနည်းငယ်အတွင်းမှာ ဘယ်ကုမ္ပဏီကို ဘာရာထူးနဲ့လျှောက်ထားမှန်း သတိမရတော့ပဲ အကြိမ်ကြိမ် ပြန်လျှောက်မိတာမျိုး၊ ကုမ္ပဏီတစ်ခုထဲမှာ ရာထူးမျိုးစုံနဲ့ မှားလျှောက်မိတာမျိုး ဖြစ်တတ်ပါတယ်။ ဒီအခြေအနေဟာ ကိုယ့်ကိုနစ်နာမှုတွေ ဖြစ်စေနိုင်ပါတယ်။

အလုပ်လျှောက်ထားတဲ့ ကုမ္ပဏီတွေကို စနစ်တကျ မှတ်သားထားခြင်းဖြင့် အင်တာဗျူးအတွက် ကိုယ့်ကို ဆက်သွယ်လာတဲ့အခါ ဘယ်ရာထူးအတွက် ခေါ်တယ်ဆိုတာကို ချက်ခြင်းသိနိုင်မှာ ဖြစ်သလို ကုမ္ပဏီအကြောင်းကိုလည်း အင်တာဗျူးဖြေဖို့အတွက် အသေးစိတ်လေ့လာပြင်ဆင်နိုင်မှာ ဖြစ်ပါတယ်။

အလုပ်အကိုင်ရှာဖွေနိုင်တဲ့ ဝဘ်ဆိုက်များ

1. JobsInYangon

2. MyJobs

3. JobNet

4. NewChallenges

5. JoraMyanmar

လစာကောင်း အဖွဲ့အစည်းကောင်းတဲ့ အလုပ်တစ်ခု လူတိုင်းကိုယ်စီ ရရှိနိုင်ကြပါစေ..။

အခမဲ့ ဆိုတဲ့ အရာတိုင်းမှာ ခန့်မှန်းလို့မရနိုင်တဲ့ တန်ဘိုး တစ်ခု အမြဲရှိပါတယ်


blog comments powered by Disqus